Saturday 9 July 2011

ကျေးဇူးတင်လွှာ

မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် အာရှနေ၀န်း အသျှင်ဥတ္တမသည် မြန်မာနိုင်ငံကို အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ သူ့ကျွန်ဘ၀မှ လွတ်မြောက်ရန်သာမက အာရှနိုင်ငံများ၏ လွတ်မြောက်ရေးအတွက်ပါ ဦးဆောင်လမ်းပြအုတ်မြစ်ချခဲ့သော ပုဂ္ဂိုလ်တစ်ဆူဖြစ်ပါသည်။ 

သို့သော်လည်း မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်အောက်သို့ ကျရောက်ခဲ့သည့် ၁၉၆၂-ခုနှစ် မှစ၍ စစ်အာဏာရှင်အစိုးရ အဆက်ဆက်လက်ထက်တွင် အသျှင်ဥတ္တမ အကြောင်းနှင့်စပ်လျဉ်း၍ စာပေထုတ်ဝေခြင်း၊ အထိမ်းအမှတ် အခမ်းအနားပြုလုပ်ခြင်း စသည့်တို့ကို ပိတ်ပင်ထားခဲ့သည်မှာ ယနေ့ထိတိုင်အောင် ဖြစ်ပါသည်။ 

  ထို့ကြောင့် အသျှင်ဥတ္တမကဲ့သို့ တိုင်းပြည်နှင့်လူမျိုးအပေါ်ပေးဆပ်အနစ်နာခံလိုမှု၊ သူရသတ္တိနှင့်ပြည့်ဝမှု၊ အရာအရာ၌ ပထမဆုသည်သာလျှင်သူ့အတွက်ဖြစ်ရမည်ဟု ခံယူသော သူ၏ပင်ကိုယ်စိတ်ဓါတ်သည် ယနေ့ပြည်တွင်းပြည်ပရောက်ရှိနေကြသော မျိုးဆက်သစ်လူငယ်တို့အနေဖြင့် အလွန်တရာမှ အတုယူစရာ ကောင်းလှပါသည်။ 

 ထို့ကြောင့်အသျှင်ဥတ္တမ၏ အတ္ထုပ္ပတ္တိကို လူငယ်တို့အနေဖြင့် အတုယူလိုစေချင်သောဆန္ဒဖြစ်ပေါ်လိုခြင်းကိုလည်းကောင်း၊ အသျှင်ဥတ္တမ၏ မျိုးချစ်စိတ်ဓါတ်နှင့် မြန်မာပြည် အင်္ဂလိပ်ကိုလိုနီလက်အောက်မှ လွတ်မြောက်ရန်အတွက် ဆောင်ရွက်ခြင်းများကို လည်းကောင်း၊ အများပြည်သူတို့ သိရှိနိုင်ရန် ဤစာအုပ်ကို ပြန်လည်ပုံနှိပ်ထုတ်ဝေသူတို့ကို အခြေအနေအကြောင်းကြောင်းကြောင့် အသိပေးအကြောင်းမကြားနိုင်ခြင်းကို ခွင့်လွှတ်နားလည်ပေးနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့အနေဖြင့် မျှော်လင့်ပါသည်။ 

ဤစာအုပ်ထုတ်ဝေရန်အတွက် မူရင်းစာအုပ်ပေးပို့သော မလေးရှားနိုင်ငံမှ ကိုကျော်သိန်းခိုင်နှင့် ကိုလှသိန်းတို့ကို လည်းကောင်း၊ စာမူများကိုပြန်လည်စာစီစာရိုက်ပေးကြသည့်အပြင် အစစအရာရာစီစဉ်ပေးကြသော ထိုင်းနိုင်ငံ ရခိုင်ပြည်အမျိုးသားကောင်စီးရုံးမှ ကိုသိတ်အောင်လင်း၊ ကိုမောင်မျိုး၊ ကိုခိုင်ထက်နိုင်နှင့် ဒီဇိုင်း layout အတွက် ကူညီပေးသည့် ကိုညီလင်းတို့ကိုလည်းကောင်း၊ မြန်မာစာ စာလုံးပေါင်းသတ်ပုံ ကူညီစစ်ဆေးပေးကြသော ကိုသန့်ဇင် ( အရှင် ဆန္ဒာဓိက) နှင့် ကိုထွန်းမင်းတို့ကိုလည်းကောင်၊ ဘဏ္ဍရေး အကူအညီပေးကြသော ကနေဒါနိုင်ငံရောက် ရခိုင်အမျိုးသားများကိုလည်းကောင်း စာအုပ်ဖြစ်မြောက်ရေး ကော်မီတီမှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။